ဝက်ခြံကို လေဆာ နဲ့ ကုသခြင်း|Acne Laser treatment

Acne Laser treatment ဝက်ခြံကို လေဆာ နဲ့ ကုသခြင်း

ဝက်ခြံဆိုတာ အမျိုးမျိုးရှိတယ်။ Acne ဒါမှမဟုတ် Pimples ဆိုတာ အမွှေးပေါက်ရာအိတ် တနည်း ပြောရရင် အပေါက်မှာ အဆီနဲ့ ပျက်စီးသွားတဲ့ အရေပြား (ဆဲလ်) တွေ ပိတ်တာကနေ ဖြစ်တယ်။ ဒီလိုဖြစ်တာကို ဗက်တီးရီးယားတွေက သိပ်ကြိုက်ကြတယ်။ ဒီအကောင်တွေ ဝင်လာရင် Red bumps ခေါင်းနီ နဲ့ Pus-filled red bumps အနီပေါ် အဖြူဆင့်တွေ ဖြစ်လာတော့တယ်။

Whiteheads ခေါင်းဖြူ နဲ့ Blackheads ခေါင်နက်တွေက သာမန်အစားတွေ ဖြစ်တယ်။ အသင့်အတင့် ဆိုးတာက နီရဲပြီးရောင်နေတာ၊ Papules ပြည်အိတ်၊ အနီပေါ်အဖြူဆင့် Pustules ခေါ်တယ်။ တကယ်ဆိုးတာက အကျိတ်အခဲ ဖြစ်လာပြီး၊ နာမယ်၊ အရေပြားအောက်မှာ ပြည်အိတ်ဖြစ်လာမယ်။ ဒီအမျိုးအစားကသာ အမာရွတ် ထင်ကျန်နေတတ်တယ်။

ခပ်ညိုညို၊ ခပ်နီနီတွေက သူ့အလိုလိုလဲ ပျောက်ပါတယ်။ ဆိတ်တာ၊ ညှစ်တာကနေ အမာရွတ် ဖြစ်တာ ပိုစေမယ်။
• သိပ်မဆိုးတာတွေကို Chemical peel ဒါမှမဟုတ် Microdermabrasion နည်းနဲ့ကုတယ်။
• Dermabrasion နည်းဆိုတာက Rotating wire brush လည်နေတဲ့ ဝိုင်ယာဘီးကို သုံးတာ။ Spinning diamond instrument လဲသုံးတယ်။ ၁ဝ-၂ဝ ရက်ကြကုရတယ်။
• ဆိုးတာတွေကို Laser resurfacing လေဆာနည်းလုပ်တယ်။
• Fractional laser therapy နည်းက ခပ်နက်နက်မှာ လေဆာနဲ့လုပ်တယ်။ အတွင်းနက်နေတဲ့ အမာရွတ်ကို အထက် မြင့်တက်လာအောင် သူ့အောက်မှာ ဆေးထိုးနည်းလဲ ကူပေးရတတ်တယ်။
• တချို့ဆရာဝန်တွေက ခွဲစိတ်ထုတ်နည်းလဲ သုံးကြတယ်။

ဝက်ခြံကို လေဆာ နဲ့ ကုသနည်းက အသစ်ဘဲရှိသေးတယ်။ အလှအပခွဲစိတ်မှုမှာ တော်လှန်ရေးသဘောဆောင်တဲ့ တိုးတက်မှုလို့ တင်စားထားတယ်။ မျက်နှာကို လေဆာနဲ့ ကုချင်သူတွေ အကျိုးနဲ့ အပြစ် ချင့်ချိန်ဘို့လိုတယ်။ အားကိုးနိုင်တဲ့ ဆရာဝန်နဲ့ လက်လှမ်း မီသလား။ ကုန်ကျစရိတ် တတ်နိုင်လား။ တချို့ နိုင်ငံတွေမှာ ဒေါ်လာ ၅ဝဝ ကုန်တယ်။

(လေဆာ) က မလိုချင်တဲ့ (တစ်ရှူး) တွေကို ဖြတ်ရှင်းပြစ်တယ်။ မထိစေချင်တာတွေကို မထိစေရဘူး။ သွေးထွက်မှာ ကိုတောင် မထွက်စေအာင် လုပ်နိုင်တယ်။ ဓါးသုံးတာထက် တိကျမှန်ကန်တယ်။

မျက်နှာကို လေဆာ နဲ့ ကုသတာကို Laser resurfacing လို့လဲ ခေါ်တယ်။ ဒါတွေကို လုပ်ပေးနိုင်တယ်။
• Acne scars ဝက်ခြံ-အမာရွတ်၊
• Creases နှာခေါင်းနဲ့ ပါးစပ်ဘေးက အရေးအကြောင်းတွေ၊
• Benign growths ကင်ဆာ-မဟုတ်တဲ့ အကျိတ်-အလုံးတွေ၊
• Wrinkles and lines နေလောင်လို့ နဲ့ မျက်နှာအမူအယာကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေ၊
• Unwanted hair removal မရှိစေချင်တဲ့အမွှေး နဲ့
• Tattoo removal တက်တူး ဖျက်ချင်တာအတွက်လဲ လုပ်နိုင်တယ်။

လေဆာနဲ့ ကုသပေးတဲ့ဌာနတွေရဲ့ ကြော်ညာ (ဆိုက်) တွေကိုသာ ဖတ်ရင် ချောပေ့ဆိုတဲ့ မော်ဒယ်အမျိုးမျိုးပုံတွေနဲ့ ကောင်းမှကောင်းဆိုတဲ့ အချက်တွေကိုသာ ဖတ်ရလိမ့်မယ်။ ငယ်ရုပ်ဆင်ချင်သူတွေ သွားရည်ကျချင်စရာကောင်းအောင် အသက် ၁ဝ-၂ဝ ငယ်သွားစေမယ် ဆိုတာလဲ ပါမယ်။ အကုန်ကောင်းချည်း ရေးတာ မဟုတ်စေအောင် လေဆာကို လူတိုင်းနဲ့တော့ မသင့်ပါဆိုတာ ထည့်ရေးတာတော့ ကျေးဇူးတင်ရမယ်။

အရေပြား အမျိုးအစားက အထိမခံ-ရွှေပန်းကန် အမျိုးအစား ဖြစ်နေသူတွေဟာ လေဆာ လုပ်ပြီး လိမ်းခိုင်တဲ့ ဆေးနဲ့ အဆင်မပြေတတ်ဘူး။ အသားရောင် မဖြူသူတွေ အဆင်မပြေဘူး။ အရောင်ပြောင်းတာ မြန်ကြတယ်။ လေဆာနဲ့ကုပြီး ချက်ချင်းကြီး ကောင်းသွားမယ်လို့ စိတ်စောသူတွေနဲ့ မကိုက်ဘူး။ အနည်းဆုံး ၁ဝ ရက်နေမှ မိတ်ကပ် တင်ချင်တင်လို့ ရမယ်။ သတိထားစရာတွေ ရှိတယ်။ ခွဲစိတ်တာ မှန်သမျှ သတိထားရတာချည်းပါဘဲ။ နာနေတာနဲ့ နီနေတာ ကြာတတ်တယ်။ ဘေးအသားအရေထက် အရောင်ပိုရင့်နေတယ်။ တချို့မှာ အရောင် ပိုနုသွားတတ်တယ်။

Nonablative Lasers, Erbium Lasers နဲ့ Carbon Dioxide Lasers ဆိုပြီး လေဆာ အမျိုးအစား မတူတာတွေ ရှိတယ်။ ပုံမှန်အလင်းရောင်ကို Stimulated Emission of Radiation နဲ့ အားတိုးစေအောင် လုပ်ထားတာ။ V beam နဲ့ Cool touch laser တွေကို သုံးတယ်။ V Beam ကို အရေပြားမှာရှိတဲ့ အနီရောင်ချယ်တွေက စုပ်ယူတယ်။ အမာရွတ် ထင်စေမယ်။ Cool touch laser ကနေ အရေပြားကို တင်းသွားစေမယ်။ အဆီထွက်တဲ့ အပေါက်တွေကို ပိတ်ပြစ်လိုက်လို့ Acne ဝက်ခြံ မထွက်စေတော့ပါ။ ဗက်တီးရီးယားတွေပါ သေကုန်ကြမယ်။

ဝက်ခြံကိုကုတာ သိပ်မနာပါ။ လေဆာ မလာခင် ထုံစေတဲ့ (ခရင်မ်) လိမ်းပေးမယ်။ ၁၅-၂ဝ မိနစ်သာ ကြာတယ်။ တခါနဲ့တော့ မရဘူး။ ဘယ်နှစ်ခါလဲ ဆိုတာ အခြေအနေအရဘဲ။ ၈ ခါ ကနေ ၁၅ ခါဖြစ်နိုင်တယ်။ တခါနဲ့တခါကြား ရက်ခြားရတယ်။

ဘေးထွက်-ဆိုးကျိုးတွေကတော့ နီမြန်းနေတာ၊ ကလိကလိ ခံစားနေရတာ၊ ဖေါင်းနေတာတွေက နာရီပိုင်းနဲ့ ၁-၂ ရက် ကြာတယ်။
• မလုပ်ခင်မှာ လေဆာ ကုနည်းသုတ ပြည့်ဝပါစေ။ အခုလို မေးတာမျိုးပေါ့။
• အဝေးက ဆရာဝန်လှမ်းတာနဲ့ မရသေးပါ။ အရင်လူတွေမှာ ဘာဖြစ်သလဲ လိုက်မေးပါ။
• ကုပေးမဲ့ ဆရာဝန်နဲ့ ကျကျနန ဆွေးနွေးပါ။
• ညွှန်ကြားချက် မှန်သမျှ လိုက်နာပါ။
• ဝက်ခြံပျောက်ဆေး ဆိုတာတွေ မသုံးပါနဲ့တော့
• Skin moisturizers မလိုတော့ပါ။
• အရေပြား အရောင်မတူတာ ဖြစ်နိုင်တယ်။
• အရေပြား နဲနဲကြမ်းတမ်းနေနိုင်တယ်။
• Carbon Dioxide laser က အရောင်ပြောင်းစေတာ ပိုဖြစ်တတ်တယ်။

Reference

  1. Dr. တင့်ဆွေ

Leave a comment