
Adrenaline နဲ့ Hydrocortisone
Adrenaline ဆိုတာ လူ့ကိုယ်ထဲက လိုရင် လိုသလို ထုတ်ပေးနေတဲ့ လူတွေ စသိခဲ့တဲ့ “ဟော်မုန်း” တခု ဖြစ်တယ်။ တိရစ္ဆာန်တွေမှာလဲ ရှိပါတယ်။ သူထွက်လာရင် နှလုံးခုန်နှုန်း မြန်လာတယ်။ ထိန့်လန့်စရာ၊ မထင်မှတ်တာ၊ အန္တရာယ်တခုခု ကျရောက်ရင် အလိုလို ထွက်လာတာမို့ ဆေးပညာ ဗဟုသုတ ရှိသူတွေက “လန့်လိုက်တာကွာ မင်းကြောင့် (အဒြီနလင်) ၂ စက်လောက် ထွက်သွားတယ်” လို့ ပြောတတ်ကြတယ်။ ဘိုလိုတော့ fight or flight လို့ ပြောတယ်။
ကျောက်ကပ်ရဲ့အထက်မှာ ဆက်-ကပ်နေတဲ့ ၃ လက္မလောက်အရွယ် Adrenal glands ဂလင်းတွေကနေ Adrenaline ၈ဝ% နဲ့ Noradrenaline ၂ဝ% ထုတ်ပေးတယ်။ Epinephrine လို့လဲ ခေါ်သေးတယ်။ (ဆင်ပသက်တစ်) အာရုံကြော စနစ်ရဲ့ တုံ့ပြန်မှု ဖြစ်ပါတယ်။ အာရုံကြော (ထရန်စမစ်တာ) လဲ ဖြစ်သေးတယ်။ လေပြွန်က ကြွက်သား-အနုစားတွေကို ကျယ်စေပြီး၊ သွေးလွှတ်ကြော သေးသေးလေးတွေကိုတော့ ကျုံ့စေတယ်။
Cardiac arrest ခေါ်တဲ့ နှလုံးရပ်သွားတာ၊ Cardiac dysrhythmia နှလုံးခုန် မမှန်တာ၊ Cardiac output နှလုံးသွေး ထုတ်နိုင်စွမ်း လျှော့နည်းတာ မျိုးအတွက် ဆေးဖြစ်တယ်။ (အလာဂျီ) အပြင်းအထံဖြစ်တာကြောင့် Anaphylactic Shock (ရှော့ခ်) ဖြစ်ရင် Adrenaline ထိုးဆေးနဲ့ အရေးပေါ် ကုပေးရတယ်။ Asthma ပန်းနာ ရုတ်တရက် ကြပ်ရင် ဒီဆေး ထိုးရတယ်။ ထုံဆေး Bupivacaine, Lidocaine ထိုးရာမှာ ဒီဆေးနဲ့ ရောရင် သွေးထွက် နဲစေမယ်။ ဆေးအရှိန်လဲ ကြာစေတယ်။
ဗိုင်းရပ်စ် တမျိုးကြောင့် Croup လို့ခေါ်တဲ့ Laryngotracheobronchitis လည်ချောင်းက လေပြွန် ရုတ်တရက်ကျဉ်းပြီး (ကန်တော့ပါရဲ့) Barking cough (ခွေး) ဟောင်သလို ချောင်းဆိုးတဲ့ရောဂါအတွက်လဲ (စတီရွိုက်) ဆေးနဲ့အတူ ဒီဆေး ပေးရတယ်။
သတိထားရတာက သူ့ကြောင့် Palpitation ရင်တုံ၊ Tachycardia နှလုံးခုန်မြန်၊ Tremor လက်တုံ၊ Hypertension သွေးဖိအားတက်၊ Anxiety စိုးရိမ်မှုဖြစ်၊ ခေါင်းကိုက်၊ Pulmonary edema ရုတ်တရက် အဆုပ်ရောင်တာတွေ ဖြစ်စေတယ်။
“Hydrocortisone ဟိုက်ဒရိုကော်တီဇုံး” ဆိုတာ (စတီရွိုက်) ဆေးဖြစ်တယ်။ သိပ်အစွမ်းထက်ပြီး သိပ်သတိထား သုံးရတာမျိုး။ ခက်တာက ဆေးလက်မှတ် မပါဘဲ ဝယ်လို့ရတယ်။ အရေပြားမှာ ယားယံတာ၊ နှင်းကူနာ၊ အကောင် ကိုက်တာ၊ တခုခုနဲ့ မတည့်တာ၊ စအိုယားတာ၊ ခေါင်းယားတာ၊ စတာတွေအတွက် 0.5% or 1% Hydrocortisone ဆေးတွေ ဝယ်လို့ လွယ်တယ်။ တနေ့ ၁-၄ ကြိမ်သုံးရတယ်။
Ointment လိမ်းဆေးညှစ်ဘူး၊ Cream ခရင်မ်၊ Lotion လိမ်းဆေးရည်၊ Liquid အရည်၊ Gel ဂျဲလ်၊ Spray စပရေး၊ Foam အမြှုပ်၊ Suppositories စအိုထဲထည့်ဆေး၊ Paste ပါးစပ်ထဲထည့်ဆေး၊ ပုံစံအမျိုးမျိုးနဲ့ လာတယ်။ ဆေးနာမယ်တွေကလဲ အမျိုးမျိုး။ ဒီဆေးကို ဆရာဝန် မညွှန်ဘဲ မသုံးသင့်ဘူး။ ဆေးကို မျှဉ်းဖြတ်ရတယ်။
Colitis ဆိုတဲ့ အူမကြီးရောင်တာအတွက် ညတိုင်း ဖြစ်ဖြစ် တနေ့ ၂ ခါဖြစ်ဖြစ် ၂-၃ ပါတ်ကြာ ပေးရတယ်။ Proctitis ဆိုတဲ့ စအို-အစာဟောင်းအိမ် ရောင်တာအတွက် တနေ့ ၁-၂ ကြိမ်၊ ၂-၃ ပါတ် ပေးတယ်။ Hemorrhoids လိပ်ခေါင်းအတွက် တနေ့ ၁-၂ ကြိမ်၊ ၂-၇ ရက်ပေးတယ်။
ဘေးထွက်ဆိုးကျိုး Side effects တွေ တလှေကြီးရှိတယ်။ အရေပြား ခြောက်-ကွဲတယ်၊ ဝက်ခြံထွက်၊ ယားယံ၊ ပူလောင်၊ အရေပြား အရောင်ပြောင်း၊ အစာမကျေ၊ အန်၊ ခေါင်းမူး၊ အိပ်ရေးပျက်၊ စိတ်ကျ၊ အမွှေးပေါက်တာပိုများ၊ ခိုက်မိရင် သွေးခြည်ဥပိုဖြစ်၊ ရာသီ ထိန်နိုင်တယ်။ ပိုဆိုးတာတွေကတော့ အရေပြားအနီကွက်၊ အသက်ရှူခက်၊ ရင်ကျပ်၊ အရေပြား အနာဖြစ်၊ သွေးယိုတာတွေ။
Fungal infection မှိုရောဂါ ရှိနေတုံး ဒီဆေး မသုံးရပါ။ ကျောက်ကပ်၊ အူ၊ နှလုံးရောဂါရှိနေသူ၊ ဆီးချို၊ လည်ပင်းကြီး၊ သွေးတိုး၊ ရေယုံ၊ တီဘီရောဂါရှိနေသူတွေ ဒီဆေးသုံဘို့ အထူးသတိထားရမယ်။ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်ချိန်လဲ သတိပြုပါ။ ဒီဆေးသောက်နေတုံး အရက်သောက် လျှော့ရမယ်။ ဆေးပေးထားသူတွေကို ဆားလျှော့စားဘို့၊ ပရိုတင်း နဲ့ ပိုတက်စီယမ် များများစားဘို့ ဆရာဝန်က ညွှန်ကြားမယ်။
Dr. တင့်ဆွေ
၁၁-၁ဝ-၂ဝ၁ဝ