
Adult Vaccines လူကြီးတွေလဲ ကာကွယ်ဆေးလိုတယ်
ကာကွယ်ဆေးဆိုရင် ကလေးတွေဘဲလိုမယ်ထင်တာ မမှန်ပါ။ လူကြီးတွေလဲလိုတယ်။ ဒါပေမဲ့ တယောက်နဲ့တယောက် လိုတာတွေ မတူကြသေးပါ။ သီးသန့်အလုပ်ခွင်မျိုးမှာလုပ်ရသူတွေ၊ ခရီးထွက်ရသူတွေ၊ ငယ်ရွယ်တဲ့အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ အသက်ကြီးသူတွေ လိုအပ်တာတွေ မတူကြပါ။ အများဆုံးလိုတဲ့ကာကွယ်ဆေး ၁ဝ မျိုးမက ရှိပါတယ်။
၁။ Tetanus Vaccine မေးခိုင်ကာကွယ်ဆေး
၂။ Chickenpox (Varicella) ရေကျောက်
၃။ Shingles Vaccine (ရှင်းဂဲလ်) ကာကွယ်ဆေး
၄။ HPV Vaccine (အိတ်ချ်ပီဗွီ) ကာကွယ်ဆေး
၅။ Meningitis ဦးနှောက်မြှေးရောင် ကာကွယ်ဆေး
၆။ Hepatitis အသဲရောင်ရောဂါ ကာကွယ်ဆေးများ
၇။ Flu Shot တုပ်ကွေး ကာကွယ်ဆေး
၈။ Pneumococcus (နူမိုကောကပ်စ်) ကာကွယ်ဆေး
ဝ။ Measles/Mumps/Rubella ဝက်သက် + ပသိရောင် + ဂျာမန်ဝက်သက်
၁ဝ။ Travel Vaccinations နိုင်ငံရပ်ခြားခရီးသွားများအတွက် ကာကွယ်ဆေး
၁။ Tetanus Vaccine မေးခိုင်ကာကွယ်ဆေး
မေးခိုင်ပိုးဟာ အနာ၊ ဒဏ်ရာ၊ ဆူးစူးတာ၊ ဒါးရှစတာတွေကနေ ဝင်နိုင်တယ်။ ခွဲစိတ်ကုသခံရတာ၊ ကလေးမွေးရတာတွေ ကနေလဲ ဝင်နိုင်တယ်။ အဲလိုဖြစ်တာတွေရှိတိုင်း Tetanus Toxoid (TT) vaccine ကာကွယ်ဆေးထိုးရမယ်။ Anti-tetanus toxoid (ATT) vaccine လို့လဲ ခေါ်တယ်။
နောက် Tetanus Immune Globulin (TIG) ဆိုတာက မေးခိုင်ရောဂါ ဖြစ်လာမှသာ ထိုးရတဲ့ ကုသဆေးဖြစ်တယ်။ ကိုယ်ဝန်ဆောင်ကတည်းက မိခင်မှာ ATT ၂ ခါထိုးထားလို့ မွေးမွေးချင်း ပိုးဝင်လာမှာကို ကာကွယ်နိုင်တယ်။ ကလေးကိုလဲ တလခွဲကတည်းက DPT ကို ၁ လခွဲ၊ ၂ လခွဲ၊ ၃ လခွဲ အရွယ်တွေမှာ (၃) ခါ ထိုးပေးထားရတယ်။ တချို့ နိုင်ငံတွေမှာ ၂ လ၊ ၄ လ၊ ၆ လ မှာထိုးတယ်။ နောက်ပြီး ၁ နှစ်ခွဲနဲ့ ၅ နှစ်သားမှာ ထပ်ထိုး ၂ ခါ ထပ်ထိုးသေးတယ်။ ၇ နှစ် ကျော်သွားရင် မထိုးဘို့ တားထားတယ်။ Diphtheria ဆုံဆို့နာ၊ Pertussis (Whooping cough) ကြာက်ညှာ ချောင်းဆိုး နဲ့ Tetanus မေးခိုင်ရောဂါတွေကို ကာကွယ်ပေးမယ်။ တချို့ နိုင်ငံတွေမှာ DPwT, DPaT, Tdap နာမည်တွေနဲ့ ခေါ်သေးတယ်။
၂။ Chickenpox (Varicella) ရေကျောက်
ငယ်တုံးက ရေကျောက် မပေါက်ဘူးတာ ကံကောင်းတယ်လို့ ပြောတာ အပြည့်အဝ မမှန်ပါ။ ကြီးမှပေါက်တဲ့ ကျောက်က ကြောက်စရာကောင်းတယ်။ ဥပမာ ကိုယ်ဝန်ဆောင်နေတုံး Varicella pneumonia ဖြစ်ရင် အရေးပေါ်လူနာအနေနဲ့ ကုသရမယ်။ အဲလိုမကုသရင် တဝက်လောက်က အသက်ပါဆုံးနိုင်တယ်။ ရေယုံနဲ့ဆင်တဲ့ Shingles (ရှင်းဂဲလ်) ဆိုတာ ဖြစ်လာနိုင်တယ်။ တချို့ကို Chickenpox vaccine ကာကွယ်ဆေးကနေ ဒီလိုမဖြစ်အောင် ကာကွယ်နိုင်တယ်။ ထိုးရမဲ့သူတွေကို ၂ လခြား ၂ ခါထိုးတယ်။ ကိုယ်ဝန်ဆောင်တွေကိုတော့ မထိုးရဘူး။
၃။ Shingles Vaccine (ရှင်းဂဲလ်) ကာကွယ်ဆေး
အသက် ၆ဝ ကျော်သူတွေအတွက် အရေးကြီးတယ်။ ငယ်တုံးက ရေကျောက်မပေါက်ဘူးသူတွေ အသက်ကြီးလာရင် (ရှင်းဂဲလ်) ပေါက်တယ်။ Herpes zoster (ဟားပိစ်-ဇိုးစတာ) လို့လဲ ခေါ်တယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရေယုံတမျိုး ဖြစ်တယ်။ အတော်နာမယ်။ ပျောက်ပြီးတဲ့နောက်မှာတောင် နာနေတာကို Postherpetic neuralgia ရေယုံနောက်ဆက်တွဲ အာရုံကြောအနာလို့ ခေါ်တယ်။
၄။ HPV Vaccine (အိတ်ချ်ပီဗွီ) ကာကွယ်ဆေး
မိန်းမရော ယောက်ျားတွေအတွက်ပါ လိုတယ်။ Human papilloma virus ခေါ်တဲ့ ဗိုင်းရပ်စ် ကနေ အမျိုးသမီးတွေမှာ သားအိမ်ဝ-ကင်ဆာဖြစ်စေနိုင်တယ်။ ယောက်ျားတွေလဲ လည်ချောင်း-ကင်ဆာ ဖြစ်နိုင်တယ်။ ဒီကာကွယ်ဆေး အမျိုးအစား Gardasil ကနေ မိန်းမရော ယောက်ျားတွေပါ လိင်လမ်း-ကြွက်နို့ဖြစ်မှာကိုပါ ကာကွယ်တယ်။ ကလေးအသက် ၉ နှစ်အထက်ဆိုရင် ထိုးလို့ရပြီ။ ၂၆ နှစ်အထိထိုးသင့်တယ်။ အထူးသဖြင့် မိန်းကလေး၊ အမျိုးသမီးတွေနဲ့ ယောက်ျားလေး (ဂေး) တွေအတွက်လိုပါတယ်။ ဆေး ၂ မျိုးရှိတယ်။ ဈေးလဲကြီးသေးတယ်။ ဝ-၂-၆ ဆိုတဲ့ ဖေါ်မြူလာအတိုင်း ထိုးပါတယ်။ Cervarix အမျိုးအစာကာကွယ်ဆေးက ၇ဝ% ဖြစ်စေနိုင်တဲ့ ကပိုး၂ မျိုးကိုကာကွယ်တယ်။ ဝ-၁-၆ ဖေါ်မြူလာနဲ့ (၃) ခါ ထိုးရတယ်။ အသက် ၁၅-၂၅ နှစ် အမျိုးသမီးတွေထိုးသင့်တယ်။
၅။ Meningitis ဦးနှောက်မြှေးရောင် ကာကွယ်ဆေး
Meningococcus vaccines စစ်မှုထမ်းတွေ၊ ကောလိပ်ကျောင်းသားတွေ၊ နိုင်ငံတကာခရီးလှည့်သူတွေ၊ ခုခံအားနည်းသူတွေအတွက် ထိုးသင့်တယ်။ Menactra ကာကွယ်ဆေးကို အသက် ၁၁-၅၅ နှစ်ရှိသူတွေကိုထိုးတယ်။ Menomune ကာကွယ်ဆေးကိုလဲ ၂-၁ဝ နှစ်ကလေးတွေအတွက် သုံးနိုင်တယ်။ ၅၅ နှစ်ကျော်သူတွေလဲ လိုအပ်ရင်ထိုးနိုင်တယ်။
၆။ Hepatitis အသဲရောင်ရောဂါ ကာကွယ်ဆေးများ
(က) Hepatitis A (အေ) အမျိုးအစားက အစားအသောက်နဲ့ ရေထဲမှာပါနေလို့ ကူးစက်တယ်။ လမ်းဘေးဆေးထိုးသမားတွေ၊ လိင်တူဆက်ဆံသူ ယောက်ျားတွေလဲ ကူးနိုင်တယ်။ နေရာတိုင်းမှာတော့ မထိုးကြပါ။
(ခ) Hepatitis B အသဲရောင် (ဘီ) အမျိုးအစားကတော့ ကိုယ်ခန္ဓာက အရည်မှန်သမျှမှာ ပါနေနိုင်တယ်။ အထူးသဖြင့် လိင်လမ်းကထွက်တဲ့အရည်မှာပါလို့ လိင်ဆက်ဆံရာကနေ ကူးတယ်။ သွေးထဲမှာပါလို့ ဆေးထိုးအပ်၊ မုတ်ဆိတ်ရိတ်ဒါး၊ အငှားသုံးရာကနေ ကူးမယ်။ လူတိုင်းထိုးသင့်တယ်။ Hepatitis B Vaccine ဘီပိုးကာကွယ်ဆေး ၃ လုံးပြည့်အောင်ထိုးရတယ်။ ဆေးရုံ၊ ဓါတ်ခွဲခန်းတွေမှာ အလုပ်လုပ်သူတွေက မထိုးမနေ ထိုးထားကြရမယ်။
(ဂ) နောက် (ဘီ) ကာကွယ်ဆေးတမျိုးကို Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) လို့ခေါ်တယ်။ အမှန်က ကာကွယ်ဆေးတော့မဟုတ်ပါ။ ဘီပိုးရှိတဲ့မိခင်ကနေ မွေးလာတဲ့ကလေးကို ၁၂ နာရီအတွင်း တလုံးထိုးရတယ်။ အိန္ဒိယမှာ ရူးပီး ၅၈ဝဝ ပေးရတယ်။ လူကြီးတွေဆိုရင် ၁ဝ လုံးကနေ အလုံး ၂ဝ လိုတယ်။ ဆရာဝန်၊ သူနာပြုဆရာမ၊ ဓါတ်ခွဲခန်း၊ သွေးလှူဘဏ်မှာ အလုပ်လုပ်သူတွေ တကယ်လို့ အမှတ်မထင် ဘီပိုးပါတဲ့သွေး ကိုယ့်ထဲ အဝင်ခံရတယ်ဆိုရင် ဒီအမျိုးအစားဆေးလဲ ချက်ချင်းထိုးရမယ်။ အသဲရောင် (စီ) ပိုးအတွက် ကာကွယ်ဆေး မပေါ်သေးပါ။
၇။ Flu Shot တုပ်ကွေး ကာကွယ်ဆေး
တနှစ်တခါ ထိုးနေသင့်တယ်လို့ အမေရိးကားမှာ အကြံပြုထားတယ်။ Influenza virus ဗိုင်းရပ်စ် ပိုးတွေက တနှစ်နဲ့ တနှစ် မတူတာတွေ ဖြစ်နေရင် ကာကွယ်ဆေး အဟောင်းနဲ့ မရလို့ ဖြစ်တယ်။
၈။ Pneumococcus (နူမိုကောကပ်စ်) ကာကွယ်ဆေး
Pneumococcal polysaccharide vaccine (PPSV) လို့ခေါ်တယ်။ Pneumonia နူမိုးနီးယား၊ Bloodstream infections သွေးကနေ ကူးစက်တဲ့ရောဂါတွေနဲ့ Meningitis ဦးနှောက်မှေးရောင်တာတွေကို ဖြစ်စေတယ်။ Pneumococcal pneumonia ဖြစ်တာက ဆိုးတယ်။ ဒါတွေကာကွယ်မဲ့ဆေးဖြစ်တယ်။
၉။ Measles/Mumps/Rubella (ဝက်သက် + ပသိရောင် + ဂျာမန်ဝက်သက်) ကာကွယ်ဆေး
ဆေးတလုံးထဲနဲ့ ရောဂါ ၃ မျိုးကို တခါတည်းကာကွယ်ပြီးသားဖြစ်မယ်။ MMR လို့ခေါ်တယ်။ Mumps ပသိရောင်ဆိုတာကို Epidemic parotitis လို့လဲခေါ်တယ်။ လူတွေအများကြီးမှာ ကူးစက်လို့ တံတွေးထွက်တဲ့ အကျိတ်ရောင်တဲ့ ဗိုင်းရပ်စ်ရောဂါ ဖြစ်တယ်။ ယောက်ျားလေးတွေမှာ Orchitis ကျား-အစိရောင်တာနဲ့ တွဲလာတတ်တယ်။ Rubella (ရူဘဲလား) ကို German measles ဂျာမန်-ဝက်သက်လို့လဲ ခေါ်တယ်။ ဗိုင်းရပ်စ်ရောဂါ ဖြစ်တယ်။ ကလေးတွေ ဖြစ်တာ အရေးမကြီးပါ။ ၂-၃ ရက်နဲ့ ပျောက်မယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးဆိုရင် ကိုယ်ဝန်ပျက်နိုင်တယ်။ အထဲက ကလေးကို ထိခိုက်မယ်။ ကိုယ်ဝန် ၅ လအတွင်းဖြစ်နေရင် မွေးလာမဲ့ကလေးမှာ မွေးရာပါ Congenital rubella syndrome (CRS) ရနိုင်တယ်။ ငယ်ငယ်ကတည်းက MMR ကာကွယ်ဆေး မထိုးရသေးရင် ကိုယ်ဝန်မဆောင်ခင် ၄ ပါတ် ကြိုတင် ထိုးပါ။ သူများတွေ ပြောလေ့ရှိတဲ့ “ကြီးမှ ဝက်သက်ပေါက်တယ်” ဆိုတာ ဒါကိုပြောသလား မသိပါ။
၁ဝ။ Vaccines for Foreign Travel နိုင်ငံခြားသွားမဲ့သူတွေအတွက် ကာကွယ်ဆေးတွေ သွားမဲ့နိုင်ငံအခြေအနေအရ သတ်မှတ်ထားတာတွေ ရှိတယ်။ ခရီးမထွက်ခင် ၄-၆ ပါတ်ကြိုတင်ပြင်ဆင်ပါ။ Travel immunizations လို့လဲခေါ်တယ်။ အနောက်နိုင်ငံသားတွေ ဆင်းရဲမွဲတေနေသေးတဲ့နေရာဒေသတွေကို မသွားခင် ထိုးသင့်တယ်လို့ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ကာကွယ်ဆေးစာရင်းဆိုတာ ရှိတယ်။ တချို့က ဗီဇာမပေးခင် ထိုး-မထိုး ကြည့်သေးတယ်။ တချို့နိုင်ငံတွေကလဲ သူတို့ဆီမှာ ထူးဆန်းတဲ့ရောဂါ၊ ကပ်ရောဂါ တခုခုဖြစ်နေချိန်မှာ လေဆိပ်၊ သင်္ဘောဆိပ် စတဲ့တိုင်းပြည် ဝင်ပေါက်တွေကနေ ဆီးပြီး ကာကွယ်ဆေး ထိုးပေးတယ်။
ကာကွယ်ဆေးတွေရဲ့သဘောက ရောဂါပိုး (ဗက်တီးရီးယား၊ ဗိုင်းရပ်စ်) တွေကို အလွန်မတန် အားနည်းသွားအောင် လုပ်ထားတာကို လူ့ကိုယ်ခန္ဓာထဲ ထိုးပေးတာဖြစ်တယ်။ အားနည်းနေပေမဲ့ သူ့ဗီဇ ရှိနေသေးလို့ ကာကွယ်ဆေး ထိုးသူ့ ကိုယ်ထဲ ရောက်သွားရင် အဲဒီလူရဲ့ ကိုယ်ခံအားစနစ်ကနေ ဒီပိုးကို ခုခံပေးမဲ့ ကိုယ်ခံအား Antibody (အင်တီဘော်ဒီ) ဆိုတာ ထုတ်ပေးတော့မယ်။ ဒီဓါတ်တွေပြည့်စုံလာချိန်မှာ တကယ်ရောဂါပိုးဝင်လာပါစေ ခံချပေးမှာမို့ ရောဂါ ဖြစ်မလာ စေနိုင်တော့ဘူး။ ဝက်သက်ပေါက်ဘူးတဲ့ကလေး နောက်ထပ် ဝက်သက်မပေါက်နိုင်တဲ့ သဘာဝကို အတုယုပြီး Vaccines ကာကွယ်ဆေးတွေ လုပ်ပေးတာဖြစ်တယ်။
Travel Vaccinations နိုင်ငံရပ်ခြား ခရီးသွားများအတွက် ကာကွယ်ဆေးတွေက စိတ်ချရတယ်။ ထိရောက်တယ်။ အဓိက (၃) မျိုး ရှိတယ်။
(က) Routine vaccines ကလေးတိုင်း၊ လူတိုင်းထိုးကြရမယ်လို့ သတ်မှတ်ထားတဲ့ ကာကွယ်ဆေးတွေ။ နိုင်ငံတခုနဲ့တခု မတူဘူး။ အချိန်ကာလအရလဲ ပြောင်းနေသေးတယ်။ တိုးလာတာတွေရော မလိုတော့လို့ ပယ်ဖျက်လိုက်တာတွေပါ ရှိတယ်။ ဥပမာ ကျောက်ဆေး မထိုးတော့ဘူး။ ကြက်ငှက်တုပ်ကွေး ထပ်တိုးထားတယ်။
(ခ) Recommended vaccines ထိုးဘို့ ညွှန်ကြားချက်နဲ့ သတ်မှတ်ထားတဲ့ ကာကွယ်ဆေးတွေ။
(ဂ) Required vaccines နိုင်ငံတခုချင်းအလိုက်သာ ထိုးစေမဲ့ ကာကွယ်ဆေးတွေ။ ဥပမာ အာဖရိကား နဲ့ တောင် အမေရိကားသွားသူတွေအတွက် Yellow fever vaccine (ရဲလိုး-ဖီဘာ) ကာကွယ်ဆေး။ ဆော်ဒီ အာရေးဗီးယားအတွက် Meningococcal vaccine (မင်နင်ဂိုကော်ကယ်လ်) ကာကွယ်ဆေး။
Reference
- ဒေါက်တာတင့်ဆွေ blog