
Aerotitus အမြင့်ပျံ နားများ
Oct 14, 2010 at 9:49 AM
Q: ဆရာရှင့် လေယာဉ်စီးတိုင်း နားကိုက်တတ်ပါတယ်။ အရင်ကဆို ပိုဆိုးပါတယ်။ စစီးပြီး သိပ်မကြာခင် နားအတွင်းထဲက ကိုက်ပါတယ်။ နားထဲ နားကြပ်ထဲ့ထားပြီး သီချင်းနားထောင်ရင် နည်းနည်းသက်သာသလို ခံစားရပါတယ်။ ဒါပေမဲ့ ခုနောက်ပိုင်းတော့ လေယာဉ်ဆင်းတဲ့အချိန်ဆို အရမ်းကိုက်ပါတယ်။ ကျန်တဲ့အချိန်နားနဲ့ ပါတ်သက်ပြီး ဘာမှ မဖြစ်ပါဘူး။ လေယာဉ်ဆင်းရင် အရမ်းနာလာပြီး ပေါက်များထွက်မလား ထင်ရပါတယ်။ အသက်က ၂ဝပါ။ သွေးအားတော့ နည်းပါတယ် ၉ဝ-၆ဝ လောက်ပုံမှန်ပါ။
A: သဲထိတ်ရင်ဖို ရုပ်ရှင်ကြည့်ရင် ဒါမှမဟုတ် ဝတ္ထုဖတ်ရင် “ရေထဲမငုပ်ခင် ငါ့နား အသားကျအောင် စောင့်ရအုံးမယ်။” ဆိုတာမျိုး ကြားဘူး-ဖတ်ဘူးကြမယ် ထင်တယ်။ လေယာဉ်စီးလို့ ဖြစ်တာက ပိုများပါတယ်။ တောင်ပေါ်ခရီး ကားစီး- ကားမောင်း သူတိုင်းလဲ ဖြစ်ကြတယ်။ အထက်ရောက်လေလေ နားထဲမှာ ကလိကလိ-တကျိကျိ ဖြစ်လာလေ။ အမြင့်တက်ရင် Pop ဖြစ်တာ လူတိုင်းပါ။ ဆင်းတော့လဲ တခါ ဖြစ်တာဘဲ။ အထက်ရောက်ပြီးရင် ပြန်မဆင်းချင်သူတွေမှာ ဒီရောဂါ ရှိကြပုံမရဘူး ထင်တယ်။
နားထဲမှာ လေဖိအား ပြောင်းလာလို့ ဖြစ်ပါတယ်။ နား (၃) ခန်းရှိတာမှာ အလယ်ခန်းက နှာခေါင်းရဲ့ နောက်ဖက်နဲ့ ဆက်နေတယ်။ Eustachian Tube ဆိုတဲ့ ပြွန်လေးနဲ့ပါ။ သူကနေ လေဖိအားကို သမမျှတနေအောင် လုပ်ပေးတဲ့အခါ နားပွင့်သွားတဲ့ အသံလေး ကြားရ-သိရတာ ဖြစ်တယ်။ နားအူလာရင် တခုခုကို မျိုချတာနဲ့ click or popping sound ကြားလာတယ်။ လေယာဉ်မယ်တွေ ဝေတဲ့ ချိုချဉ်-သကြားလုံးကို ဆေးလုံးလို့ မှတ်ယူပါလေ။
ခရီးသည်ရော၊ လေယာဉ်မယ်ရော (ပိုင်းလော့) တွေပါ ခံစားကြတာက “အမြင့်ပျံ-အနာများ” ဖြစ်ပါတယ်။ နာတာက နား နဲ့ သွားတွေပါ။ လေယာဉ် Cabin ထဲက ဖိအားပြောင်းလာနေလို့ ဖြစ်ပါတယ်။ နားမှာဖြစ်သူ နာယုံမက နားမကြားတော့ဘူး။ အမြင့်ပျံရင်း သွားနာတာကို Barodontalgia လို့ ခေါ်ပါတယ်။ ခရီးသည်တွေထက် (ပိုင်းလော့) တွေမှာ ပိုဖြစ်တယ်။
တချို့က အတက်၊ တချို့အဆင်းမှာ နားနာကြတာကို Aerotitus လို့ ခေါ်တယ်။ ၃ ယောက်မှာ ၁ ယောက် ဖြစ်တတ်တယ်။ Eustachian Tube မှာ တခုခု ဖြစ်နေသူတွေ ပိုဆိုးမယ်။ ငယ်ကတုံးက နားရောဂါ ရှိခဲ့ဘူးသူတွေမှာ ပိုဖြစ်တတ်တယ်။ Ear infection, Sinus infection ပြောတာပါ။ လေက နားထဲကနေ ပြွန်ကတဆင့် ထွက်လမ်း ကျဉ်း-ပိတ် နေတော့ ဖိအားတွေ များလေလေ၊ နာလေလေ ခံစားရတယ်။ အတက်ကြ အပြင်ဘက်၊ အဆင်းမှာ အတွင်းဘက်ကို တွန်းဖိနေတယ်။
ဘာလုပ်ရမလဲ။ နားမကောင်း၊ အလာဂျီရ၊ ဆိုင်းနပ်စ် ဖြစ်နေရင် လေယာဉ် မစီးသေးပါနဲ့။
မဖြစ်မနေ သွားရမယ်ဆိုရင် –
• Decongestant ဆေးသုံးပါ။ ခရီးမထွက်ခင် ၆ နာရီခြား၊ တရက်အနည်းဆုံး ကြိုသောက်ထားပါ။
• လေယာဉ်ပေါ်ရောက်တာနဲ့ Nasal decongestant spray ကို နားထဲ ပန်းထည့်နိုင်ပါ။ အဲ့ ဆေးဆိုတာကို Security တွေ သဘောပေါက်အောင်တော့ ရှင်းပြရလိမ့်မယ်။ 9/11 နဲ့ 911 က အမျိုးတော်တာကိုး။
• နောက်ပြီး (ပရီမီယာ-လိခ်) ဘောလုံးပွဲက ဆရာကြီးတွေလို Chewing gum အဆက်မပြတ် ဝါးနေပါလေ။
• လေယာဉ် မဆင်းခင် နာရီဝက်မှာ တခါ Nasal spray ကို ၄ မိနစ်တကြိမ် ပန်းပါအုံး။
• လေယာဉ်ပျံနေတုံး မအိပ်ဘဲနေတာ ပိုကောင်းတယ်။ စာအုပ်ကောင်းကောင်း ယူသွား။
• Paracetamol ဆေးကိုလဲ အားကိုးပါ။
• အသုံးများ Decongestants တွေကတော့ Ephedrine, Levo-methamphetamine, Naphazoline, Oxymetazoline, Phenylephrine, Phenylpropanolamine, Propythexadrine, Psedoephedrine, Synephrine, Tetrahydrozoline တွေ ဖြစ်တယ်။ ဆိုင်တိုင်းမှာ ဝယ်လို့ရတယ်။
• Ear plugs နားကြပ်ထည့်ထားတာ အကျိုးများတယ်။ Pop သီချင်းလဲ နားထောင်လို့ရတယ်။
“Ooh yeah
Last night I took a walk in the snow
Couples holding hands, places to go
Seems like everyone but me is in love
Santa, can you hear me?”
Reference
- Dr. တင့်ဆွေ blog