
Age determination ၁၈ နှစ်ပြည့်ရင် လူရာဝင်
အသက်ကိုကြည့်ပြီး လူအမျိုးမျိုးက သတ်မှတ်မှု အမျိုးမျိုး ထားကြတယ်။ ဘယ်လောက်ရှိမှ ဘာလုပ်ရမယ် ဆိုတာမျိုး။ မဲပေး၊ ဈေးဝယ်။ ကားမောင်း၊ မိန်းမတောင်း။ စစ်ထဲဝင်၊ ပင်စင်ယူ။ ဘယ်လောက်ရှိမှ ဒီ(ဆိုဒ်)ဝင်၊ ဒီရုပ်ရှင်ကြည့် စသဖြင့်။ ပြဿနာ ရှိလာရင် ဆရာဝန် ပါရတတ်တယ်။
ဆေးပညာထဲမှာ Forensic Medicine ဆိုတဲ့ မှုခင်းဆေးပညာ သပ်သပ်ရှိတယ်။ အသက်ကို တိတိကျကျ ဘယ်၍-ဘယ်မျှ ရှိတယ်ဆိုတာ စစ်ပြီး၊ တရားရုံးမှာ ထွက်ရတာလဲပါတယ်။ တရားခံ-တရားလို အသက်ကို ဇာတာနဲ့ မရဘူး။ ဆရာဝန်ကနေ သွားပေါက်တာကြည့်၊ ဓါတ်မှန် ရိုက်ပြီး သိတာတွေနဲ့ ဆုံးဖြတ်ရတယ်။ ၉ တန်းစာမေးပွဲ အစိုးရစစ်ခေတ်တုံးက အသက် ၁၅ နှစ် မပြည့်လို့၊ ဗေဒင်ဆရာနဲ့ ဇာတာသစ်လုပ်၊ တရားရုံးသွား ကြမ်းကျိမ်၊ လိမ်ကြည့်လည်း မရပါ။ ဥပဒေဟာ ဥပဒေတဲ့။ စာမေးပွဲ မကျဘဲနဲ့ တတန်းတည်းကို ၂ နှစ် နေခဲ့ရတယ်။ ဥပဒေဆိုတာကို နည်းနည်းလေးမှ အတိမ်းအစောင်း မခံပါလားလို့ မှတ်သား နာခံခဲ့ရတယ်။ အဲဒီခေတ်က ကြာခဲ့ပါပြီ။ ကြာရင် သာသွားတတ်သလို၊ ခြာသွားတတ်တာလည်း ရှိတယ်။
Bone age “အရိုးကြည့်-အသက်သိ” ဆိုတာနဲ့ ဆရာဝန်တွေက ဆုံးဖြတ်ချက်ပေးရတယ်။ Long bones ခေါ်တဲ့ ပေါင်ရိုး၊ ခြေသလုံးရိုး၊ လက်ဖျံရိုး၊ လက်ချောင်းရိုးတွေမှာ ထိပ်ဖျားပိုင်းတွေက အရိုးကို လာဆက်တာက သူ့အသက်နဲ့သူ။ X-ray ရိုက်ရတယ်။ တံတောင်ဆစ်ရိုးဆက်ရင် ၉-၁၃ နှစ်၊ Iliac crest တင်ပါးဆုံအပေါ်-ရှေ့ထိပ်ရိုးဆက်ရင် ၁၂-၁၆ နှစ်၊ ညှပ်ရိုး (ကော်လာ-ဘုန်း) ၁၂-၂၂ နှစ် စသဖြင့် သိနိုင်တယ်။
ကလေးတွေ အသက်ကြတော့ ငယ်သွားပေါက်တာကို ကြည့်ရတယ်။ အထက်-အောက် အလည်ရှေ့သွား ၄ ချောင်းက ၆-၁၂ လ၊ အထက်-အောက် ဘေးရှေ့သွား ၄ ချောင်းက ၉-၁၆ လ၊ ပဌမအန်ရှေ့သွား ၄ ချောင်းက ၁၃-၁၉ လ၊ အထက်-အောက် စွယ်သွား ၄ ချောင်းက ၁၆-၂၃ လ၊ အထက်-အောက် ဒုတိယအံသွား ၄ ချောင်းက ၂၂-၃၃ လမှာ ပေါက်တယ်။ ကြီးသွား ၃၂ ချောင်းမှာ ၆ နှစ်က စပေါက်တယ်။ ၁၃ နှစ်မှာ ၂၈ ချောင်းရှိပြီး၊ အံဆုံးတွေက ၁၇-၂၁ နှစ်ရောက်မှ ပေါက်တယ်။ အံဆုံးမပေါက်သ၍ အသက် ၁၈ နှစ် မပြည့်သေးဘူးပေါ့။ တရားတပေါင် ဖြစ်လေ့ရှိကြတဲ့ အသက်ကတော့ ၁၆-၁၈ နှစ် ဖြစ်ပါတယ်။
Voting age ဆိုတဲ့ မဲပေးပိုင်ခွင့်ကိုလည်း တကမ္ဘာလုံးမှာ အများဆုံး သတ်မှတ်တာက ၁၈ နှစ်ပါ။ ၁၆ နှစ်နဲ့ မဲပေးလို့ရတာ ၇ နိုင်ငံ ရှိသွားပါပြီ။ ၁၇ နှစ် ရှိရင် မဲပေးလို့ရတာ ၆ နိုင်ငံ၊ ၂ဝ နှစ်က ၄ နိုင်ငံ၊ ၂၁ နှစ်က ၁၆ နိုင်ငံ၊ အသက်အကြီးဆုံးက ဥဇဗက်ကစ္စတန် ၂၅ နှစ်ရှိမှ ပေးရတယ်။ ဆလိုဗေးနီးယားမှာ ၁၆ နှစ်တော့ ဟုတ်ပါရဲ့ အလုပ်ရှိမှ မဲပေးရတယ်။ အလုပ်လက်မဲ့တွေက ပေးတဲ့မဲနဲ့ တက်လာတဲ့ အစိုးရကမှ အလုပ်အကိုင်တွေ ဖန်တီးပေးမယ် ထင်ရတယ်။ လက်တွေ့မှာ အဲလိုလည်း ဟုတ်ချင်မှ ဟုတ်တာပါ။ မဲဆွယ်တုံးမှာ သည်းခြေကြိုက်တွေ ပြောပြီး၊ အာဏာရတော့ ဘာမှမလုပ်တဲ့ အစိုးရက အများကြီး။ ဘာမဲဖြစ်ဖြစ် ငါ့ပုံးထဲ ရောက်အောင်လုပ်ပြီး၊ တက်အုပ်ချုပ်တာတွေလည်း ရှိတာဘဲ။
မဲပေးသူတွေကို အသက်နဲ့သာ ကန့်သတ်ပြီး၊ အရွေးခံမဲ့သူတွေကိုတော့ သွေးစစ်သလို လုပ်တာတွေလည်း ရှိတယ်။ Blood group matching သွေးအုပ်စု စမ်းတယ်-စစ်တယ်ဆိုတာ သွေးလှူသူနဲ့၊ လူနာတည့်-မတည့် စမ်းရတာပါ။ “သွေးစစ်ပေးတဲ့ ဆရာနဲ့ တည့်-မတည့် စမ်းတာမဟုတ်ပါ။”
မဲပေးရာမှာ ခွဲခြားသလို မင်္ဂလာဆောင်နိုင်တဲ့ အသက်ကိုလည်း သတ်မှတ်ထားကြတယ်။ အများအားဖြင့် ၁၈-၁၆ နှစ် ဖြစ်တယ်။ ယောက်ျားလေး-မိန်းကလေး မတူဘူး။ သတို့သမီးအသက်က ပိုငယ်လေ့ရှိတယ်။ ဆူဒန်မှာ အပျိုဘော်ဝင်ရင် ရပြီတဲ့။ မဒါဂါးစကား၊ တန်ဇန်နီးယား၊ တူနီးရှား၊ ဗင်နီဇွဲလား၊ ပါရာဂွေး၊ မိန်းကလေး ၁၄ နှစ်၊ အပျိုဖြစ်တဲ့ အရွယ်ပါဘဲ။ ဘရူနိုင်းနဲ့ ကူဝိတ်မှာ ကန့်သတ်ချက်မရှိလို့ အပျိုမဖြစ်သေးလဲ ရပုံကြတယ်။ အယ်လ်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ဟောင်ကောင်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယမှာ ၂၁-၁၈ နှစ်။ တရုပ်မှာတော့ ၂၂-၂ဝ နှစ်ရှိမှ လက်ထပ်လို့ရတယ်။ အသက် ငယ်ငယ်နဲ့ အိမ်ထောင်ပြုပေးတဲ့ ထုံးစံဟာ ရှေးကျပါတယ်။ ဗုဒ္ဓလက်ထက် ရှင်သာရိပုတ္တရာရဲ့ညီ အငယ်ဆုံး (ရေဝတ) ကို ၇ နှစ်သားမှာ မိဘတွေက မင်္ဂလာဆောင်ပေးခဲ့ကြတယ်။
၂၁ ရာစုထဲရောက်ပေမဲ့ အီရန် မှာ ယောက်ျားလေး ၁၄ နှစ်၊ မိန်းကလေး ၉ နှစ်၊ လင်မယားဖြစ်လို့ရတယ်။ ကျွန်တော်တို့ လူမျိုးတွေအတွက်တော့ ဆေးပညာအရ ငယ်လွန်းတယ်။ တလောက ဆေးခန်းမှာ ကလေးလာမွေးတဲ့ မိန်းကလေးကို အသက်မေးတော့ တိတိကျကျ ပြောပါတယ်။ ၁၅ နှစ်နဲ့ ၁ဝ လ။ ဆရာဝန်က အားနာလို့ သူ့စာအုပ်မှာ ၁၆ နှစ် လုပ်လိုက်ရတယ်။ အကောင်းတော့ မွေးပါရဲ့ ကလေးက လသားနဲ့ ဆုံးသွားရှာတယ်။ (ယူနီဆက်ဖ်) ရဲ့ ၁၈ နှစ်မပြည့်ဘဲ လက်ထပ်ထိမ်းမြားသူ အမျိုးသမီးဦးရေ သန်း ၆ဝဝ ကျော်ထဲမှာ ဒီကလေးမ ပါချင်မှပါမယ်။ ဒုက္ခသည်မို့ ဟိုမှာလည်း စာရင်းပျောက်၊ ဒီမှာလည်း စာရင်းမပေါက်။
ပင်စင်ပေးတဲ့ အသက်ကိုလည်း သတ်မှတ်ကြတာ နိုင်ငံတိုင်းမှာပါ။ ဒါပေမဲ့ ပင်စင်ယူရမဲ့ အသက်၊ ပင်စင်ခံစားခွင့်၊ (ပင်စင်-ဖန်းဒ်)၊ စသဖြင့် ပင်စင်ယူရမဲ့လူတွေ မနစ်နာရအောင်၊ ပိုကောင်းအောင် ကြိုးပမ်းမှုတွေသာ ရှိပြီး၊ ပင်စင်သွားရမှာကို မသွားဘဲ ပေကပ်နေတာမျိုးကိုတော့ (ဝီကီ-ပီးဒီးယား) (ဝီကီ-မြန်မာ) တွေမှာ ရှာလို့မရဘူး။ ဆရာဝန်ကိုလည်း အသက်ကျော် နေ-မနေ လာမမေးပါ။
အသက် သတ်မှတ်ချက်ကြောင့် စာမေးပွဲ ဝင်မဖြေရတဲ့ ပြဿနာလေးက အသေးအဖွဲပါ။ အသက် ၁၆ နှစ်က ၁၈ နှစ် အကြားကို လူငယ်လို့ သတ်မှတ်တဲ့ တိုင်းပြည်တွေမှာ သူတို့လေးတွေကို လူကြီးတွေနည်းတူ တရားစီရင် ပြစ်ဒဏ် ပေးနေတာတွေကတော့ မျိုးဆက်ကို ဆိုးသထက်ဆိုးအောင် လုပ်ရာကျတယ်။ ကျန်းမာရေးအရဘဲ ပြောရရင်၊ (ဘီ)ပိုး ကာကွယ်ဆေးကို မွေးစကနေ အသက် ၁၈ နှစ် အောက်၊ သေချာပေါက် ထိုးပေးရပါတယ်။
ဥပဒေသုံးနဲ့ အရပ်သုံး ဝေါဟာရတွေ ရှိတယ်။ Age of majority ဆိုတာ လူလားမြောက်တဲ့ အရွယ်၊ လူကြီးပိုင်းဝင်တဲ့ အသက်ကို ခေါ်တယ်။ Age of license ဆိုတာကတော့ ဒါကိုလုပ်ခွင့်ရှိတယ်လို့ သတ်မှတ်တဲ့ အသက်ဖြစ်တယ်။ Age of consent ဆိုတာကတော့ လိင်ဆက်ဆံတာမှာ စိတ်အလိုတူ-မတူ ပြောပြနိုင်တယ်လို့ သတ်မှတ်တဲ့ အသက်ဖြစ်တယ်။ Age of criminal responsibility ဆိုတာက ရာဇဝတ်မှု ကျူးလွန်တာ လုပ်ပေမဲ့ အသက်ငယ်သေးလို့ အပြစ်ပေး အရေးယူဘို့ မသင့်သေးဘူးလို့ သတ်မှတ်သက်ဖြစ်တယ်။
Age of majority မှာ အသက် ၁၄ နှစ်ကနေ ၂၁ နှစ်အထိ ရှိတဲ့ ၁၄၈ နိုင်ငံစာရင်းကို ပြုစုထားတယ်။ ၁၈ နှစ် လို့ သတ်မှတ်တာတဲ့ ၁၁၆ နိုင်ငံက အများဆုံးဖြစ်တယ်။ မြန်မာပြည်က စာရင်းမပေါက်သေးဘူး။ တိုင်းပြည်က လူလား မမြောက်သေးလို့တော့ မဟုတ်ပါ။ ၁၈ နှစ်ဖြစ်နိုင်ပါတယ်။ ဖြစ်သင့်ပါတယ်။ ၁၈ နှစ်ပြည့်သူတွေကနေ ကျွန်တော်တို့ တိုင်းပြည် ရှေ့ရေးကို ပြဋ္ဌာန်းပါလိမ့်မယ်။ သူတို့ကို သင်ပေး၊ တင်ပေးကြရပါမယ်။
၁၈ နှစ် ပြည့်ပြီးလို့ လိုင်စင်ရှိပေမဲ့ လမ်းမှားဆိုတာသိရင် ကားမောင်းချင်ကြမည် မထင်။ “ခွဲစိတ်ဆရာဝန် ဆိုတာ ဘယ်လိုခွဲရမယ်ကိုသာ သိတဲ့သူမဟုတ်။ မခွဲဘဲနေသင့်တာကိုပါ သိတဲ့သူဖြစ်ပါတယ်။”
Reference
- Dr. တင့်ဆွေ blog