ပြည်တည်နာ (ခူနာ)|Abscess

Abscess ခူနာ ခေါ်သော ပြည်တည်နာ

ဆရာခင်ဗျာ ကျနော့်အမျိုးသမီးမှာ ခူနာရောဂါကို ခံစားနေရပါတယ်။ ဟိုအရင် သူငယ်စဉ် အချိန်မှာလဲ ဖြစ်ခဲ့ဖူးပါတယ်။ ကျနော်သိချင်တာက အဲဒီရောဂါက ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်စေလဲဆိုတာရယ်၊ ဘာ့ကြောင့် ဖြစ်စေတယ်ဆိုတာရယ်၊ ဘယ်လိုကုသပျောက်ကင်းနိုင်သလဲ ဆိုတာလေး ပြောပြပေးပါ။ နောက်ထပ် အဒီရောဂါကို အမြစ်ပြတ်အောင် ကုသလို့ ရသလား ဆိုတာရယ်၊ ဘယ်လို ကာကွယ်ရမယ် ဆိုတာရယ်ကိုပါ ရှင်းပြပေးပါ ဆရာခင်ဗျာ။

ခူနာရောဂါ ဆိုတာကို အတိအကျ သိချင်ပါတယ်။ ကျွန်တော်တို့ လူမျိုးများဟာ နာမည်ပေး အလွန် ကောင်းသလို အတော်လဲ လွယ်လွယ် ပေးတပ်ကြတယ်။ တခြားဟာတွေက ပြဿနာ သိပ်မရှိပေမဲ့ ရောဂါ နာမည်က တလွဲ ရောက်စေ တတ်တယ်။ ဝမ်းကိုက်တယ် ပြောတာနဲ့ ဝမ်းချုပ်တယ် ပြောတာကို ထပ်မမေးရင် လွဲရော။ ဒါ့ကြောင့် ခူနာ ရောဂါ ဆိုတဲ့ အနာအကြောင်းလေး ပြောပြပါဦး။ ဘယ်နေရာမှာလဲ၊ ဘယ်လောက်ကြာပြီလဲ၊ ဘယ်ပုံပန်းလဲ၊ (နီ-နာ-ရောင်-ယား)၊ ဘယ်အချိန်-အခါမျိုးမှာ ပိုဆိုးသလဲ-သက်သာသလဲ။ ကြည့်ရတာ အဲ့ ကြည့်တော့ မကြည့်ရသေးဘူးပေါ့လေ။ နှင်းခူနာ ဖြစ်ဘို့များတယ်။ Eczema လို့ခေါ်တာပေါ့။

ဆရာခင်ဗျာ ဆရာပြောသလိုပါဘဲ။ ကျနော်က အဲဒီအနာကိုလဲ သေသေချာချာ မမြင်ဘူးပါဘူး။ ဘာလို့လဲဆိုတော့ ကျနော် နဲ့ ကျနော့် အမျိုးသမီးနဲ့က တနေရာဆီမှာမလို့ပါဆရာ။ ကျနော် သူ့ကို သေသေချာချာ မေးကြည့်တော့ ဖြစ်တဲ့ နေရာကတော့ လက်မမှာပါဆရာ။ အဲ… ဒါပေမဲ့ အရေပြားပေါ်မှာတော့ ဘာလဏ္ခာမှ မပြဘူးတဲ့ဆရာ။ အတွင်းထဲမှာဘဲ ပူပြီးတော့ ကိုက်နေသလိုဘဲတဲ့ဆရာ။ သူကတော့ ခူနာလို့ပြောလို့ သာကျနော်လဲ ခူနာ လိုက်ရတာပါဆရာ။

ပိုတောင်ခက်လာတယ်ဗျို့။ “သိုက်စာ ဘာသာပြန်ရသလို” ဖြစ်တော့မှာဘဲ။ ခင်ဗျားလဲ မှန်းသိ၊ ကျွန်တော်လဲ မှန်းကု ဖြစ်ကြပြီပေါ့။ ဘာဘဲဖြစ်ဖြစ် မှန်းလိုက်ပါမယ်။ အပေါ်ယံမှာ ဘာမှမမြင်ရရင်တော့ “နှင်းခူနာ” မဟုတ်နိုင်တော့ပါ။ “ခူနာ” ရောဂါနာမည်က ဗမာဆေးပညာအရခေါ်တာဖြစ်နေလို့၊ ကျွန်တော်ကလည်း တိုင်းရင်းဆေးကို စနစ်တကျ မသိတာမို့ စွယ်စုံကျမ်းကို လှန်ရတယ်။ ဒီလိုဆိုပါတယ်။

“ခူနာသည် လက်ချောင်းတွင် ပေါက်လေ့ရှိသည့် အနာတမျိုးဖြစ်သည်။ ထိုအနာမျိုး ပေါက်လျှင် သတိမမူမိလျှင် လက်ဆစ်များကိုပင် ဖြတ်ပစ်ရတတ်သည်။ ထိုအနာ ဖြစ်ပေါ်သည့် အကြောင်းရင်းမှာ အစဉ်ပွတ်တိုက်မှုကြောင့် ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် (စတြက်တိုကောကပ်)ခေါ် ဗက်တီးရီးယား ကြောင့်လည်း ဖြစ်တတ်သေးသည်ဟုဆိုသည်။ ထိုအနာမျိုးသည် လက်ချောင်းရှိ တစ်ရှူး (အသားမျှင်) များတွင် သွေးသွားစုရာမှ စတင်ဖြစ်ပေါ်တတ်သည်။ ထိုသို့ သွေးသွားစုခြင်းကြောင့် လက်ချောင်း၏ အရေပြားသည် တင်းမာပြီး ရောင်လာလေသည်။

ထိုအနာ ဖြစ်ပေါ်စ၌ အလွန်ကိုက်ခဲနာကျင်၍ နောက်မကြာမီ အနာတွင် ပြည်တည်လာတတ်၏။ ကုသပုံနည်းမှာ လက်ချောင်းရောင်လာသည်ကို သိသည်နှင့်တပြိုင်နက် ၂ နာရီခြား တခါမျှ အဝတ်ပိုင်းကို ရေနွေးတွင်စိမ်၍ ကျပ်ပူ ထိုးပေးရ၏။ အနာဖြစ်နေသော အစိတ်အပိုင်းကို ငြိမ်ငြိမ်ထားရသည်။ (အန်တီဖလိုဂျစ်စတင်)ကိုလည်း အပေါ်မှ အုံပေးရ၏။ အကိုက်အခဲကို (အက်စပီရင်) ဆေးပြားများ မှီဝဲခြင်းဖြင့် သက်သာစေနိုင်သည်။

ရောင်ခါစ၌ လက်ချောင်းသည် ပြောင်၍ နီလာပြီးနောက် တဖြည်းဖြည်း အဝါပုပ်ရောင် ဖြစ်သွားသည်။ ထိုအခြေအနေ၌ အနာတွင်းရှိ ပြည်များကို ခွဲထုတ်ပစ်ရသည်။ အနာခွဲကရိယာများကို အသုံးမပြုမီ ရေနှင့်ပြုတ်၍ ပိုးများကို သေစေရသည်။ ပိုးသတ်မထားသော ကရိယာများဖြင့် မဖေါက်ခွဲသင့်ပေ။ ပိုးများကြောင့် အနာတွင် အဆိပ်ဖြစ်စေတတ်သည်။ ခွဲစိတ်သောအခါ၌ အနာကို သင့်ရုံလောက်ခွဲ၍ ပြည်ကိုထုတ်ပြီးလျှင် အနာပေါက်ထဲသို့ ဆေးရည်စိမ်ထားသော ဂွမ်းဖတ်များကို ထည့်ပေးရသည်။ လူနာကိုလည်း (ပင်နီဆီလင်)ဆေး ထိုးပေးလေ့ရှိသည်။”

အနာက အတွင်းနက်မှာဖြစ်ရင် တော်တော်နဲ့ မပေါ်ဘူး။ ဥပမာ တင်ပါး၊ ရင်သား။ ဖြစ်တဲ့နေရာ အနီးအနားမှာ အာရုံကြောရှိရင် ပိုနာမယ်။ လက်ချောင်း ခြေချောင်းတွေမှာ နေရာက ကျဉ်းတော့ အာရုံကြောနဲ့ မဝေးဘူး။ ဒါ့ကြောင့် နာတယ်။

ခူနာဆိုတာ ပြည်ရှိလာရင် Abscess ခေါ်ပါတယ်။ ပြည်တည်နာက ချိုင်း (ဂျိုင်း)မှာ ပေါက်ရင် ကိန္နရာနာ ခေါ်ကြတယ်။ ချိုင်းကနာလို့ လက်ကို ကိုယ်မှာမကပ်နိုင်တော့ ကိန္နာက ကသလို နေရတာမို့ပါ။ ပြည်မတည်ခင် အနာဖြစ်တဲ့နေရာမှာ လက္ခဏာ ၅ ပါးဖြစ်လာတယ်။ ဖြစ်တဲ့နေရာ (တစ်ရှူး) အင်္ဂါအစိတ်အပိုင်းဟာ နီ-နာ-ရောင်-ပူ ဆိုတာအပြင် သူလုပ်ရမဲ့ အလုပ်ကို မလုပ်နိုင် ဖြစ်လာတယ်။ ဒီအဆင့်မှာ Infection “ရောင်ခြင်း” ဆိုတာသာ ရှိပါသေးတယ်။ ရောဂါနာမည်တွေ အဆုံးမှာ “-itis” ပါရင် ဒါဖြစ်တာလို့ မှတ်ပါလေ။ Stomatitis လျှာနာ၊ Conjunctivitis မျက်စိနာ၊ Appendicitis အူအတက်ရောင်၊ Hepatitis အသဲရောင် စတာတွေပေါ့။

ဒီအဆင့်မှာ လုပ်ပေးဘို့က “ပိုးကိုနိုင်တဲ့ဆေး” တွေ ပေးရမှာပါ။ နောက်မှာ ပိုးဝင်လာတတ်တာမို့ပါ။ ပိုးကိုနိုင်တဲ့ဆေး အမျိုးမျိုးရှိတယ်။ ပဋိဇီဝဆေးလို့ ဆေးစာကို ခန့်အောင် ပါဠိစာ သုံးထားတာပေါ့။ ဗမာတွေသာ မဟုတ်ပါဘူး။ သူများတွေလဲ ရှေးကျတဲ့ ဂရိစာကို အတော် သုံးကြတာ။ ဆေးပညာ အထိမ်းအမှတ်ကိုတောင် ဘီစီ ၂ဝဝဝ က (ဆူမေရီယန်း) ဘုရား Ningishzida နဲ့ မြွေနှစ်ကောင် Gryphons ကို ခုထိ သုံးကြတယ်။

ပိုးကိုနိုင်တဲ့ ပဋ္ဋိဇီဝဆေးတွေကို အုပ်စု (၁၃) ခုတောင်ခွဲထားတာ။ အစောဆုံးပေါ်ခဲ့တာက Sulfonamides (ဆာလ်ဖိုနမိုက်) အုပ်စုပါ။ အတော်များများလဲ သုံးတတ်ကြတယ်။ Sulfacetamide မျက်စဉ်း၊ Trimethoprim-Sulfamethoxazole ကို Septrin လို့ ပိုသိကြတယ်။

နောက်ပေါ်ကတော့ Cephalosporins (ကက်ဖလိုစပိုရင်) ဖြစ်တယ်။ နောက်ပေါ်ထဲမှာ နောက်ပေါက်တွေရှိတယ်။ မျိုးဆက်တွေ ထပ်ထပ် တိုးလာလို့ အခုဆို မျိုးဆက် လေးခုတောင် ရှိနေပြီ။ ဒီအုပ်စုဆေးတွေက “Cef” နဲ့စတယ်။ ပဌမမျိုးဆက် Cefadroxil, Cephalexin, Cephaloridine, Cephalothin, Cephapirin, Cefazolin, Cephradine ဒုတိယမျိုးဆက် Cefaclor, Cefoxitin, Cefprozil, Cefuroxime တတိယမျိုးဆက် Cefdinir, Cefixime, Cefpodoxime, Ceftibuten, Ceftriaxone, Cefotaxime စတုတ္ထမျိုးဆက် Cefepime, Cefluprenam, Cefozopran, Cefpirome, Cefquinome တွေပါ။

Tetracyclines (တက်ထရွာ-ဆိုက်ကလင်း) အုပ်စုကိုလဲ လူအတော်များများ သိကြတယ်။ ဆေးတောင့် အနေနဲ့ လာတာများပြီး၊ အရင် BPI ကနေ ထုတ်တော့ အတောင့်အရောင်က နီပြီး၊ အလည်မှာ အပြာရောင် စဉ်းလေး လုပ်ထားတော့ ကိုယ့်ဗမာတွေက “ခါးပတ်ကြားဆေး” လို့ခေါ်ကြတယ်။ အဝါရောင်ကို အပြာပတ်ထားတာက Chloramphenicol ဖြစ်တယ်။ ဒီခါးပတ်ကြားများက စွမ်းသလားမမေးနဲ့၊ ဒါပေမဲ့ မကောင်းတဲ့ အာနိသင်တွေရှိတာမို့ “သတိထားပါ၊ သတိထားပါ” နဲ့ ဆရာဝန်တွေက ခဏခဏ သတိပေးကြတယ်။

အများဆုံးသိကြတာကတော့ (ပနယ်စလင်) တွေပေါ့။ ခူနာအတွက်လဲ သူ့ကိုသုံးတာ များတယ်။ ဒီအုပ်စုဆေးတွေထဲမှာ Amoxicillin, Ampicillin, Cloxacillin အပြင် Penicillin ထိုးဆေး နဲ့ စားဆေးတွေ ပါတယ်။ အနာက ပြည်ရှိရင် Ampicillin နဲ့ Cloxacillin ၂ မျိုးတွဲပေးမှ ပိုကောင်းတယ်။ ဆေးကို နှစ်မျိုးတွဲ တပါတည်း ထုတ်တာလဲရှိတယ်။ Ampiclox ခေါ်တယ်။ အများအားဖြင့် ၂၅ဝ အားက ၆ နာရီခြား၊ ၅ဝဝ အားက ၁၂ နာရီခြားသောက်ရမယ်။ ၄ ရက် အနည်းဆုံး သောက်မှ ကောင်းတယ်။ မဟုတ်ရင် နောက်ဖြစ်တော့ ဆေးယဉ်သွားမယ်။

အနာဆိုတာ ပြည် တည်လာရင်တော့ ခွဲထုတ်ရမယ်။ ခွဲစိတ်ပညာမှာ “ပြည်ရှိရင်-ခွဲထုတ်” ဆိုတာ ဖေါ်မြူလာပါ။ ဦးနှောက်၊ ခြေထောက်၊ အသဲ၊ ဘယ်ထဲရှိရှိ ပြည်ကို ထုတ်ရပါမယ်။ “ပြည်ပေါက်-ပျောက်ပြီ” ဆိုတာ အမှန်ပါ။

ပိုးကိုနိုင်ဆေးတွေအပြင် အနာ-အရောင်ကို သက်သာဆေးလဲ ပေးသင့်တယ်။ Painkillers လို့ ခေါ်တာတွေပေါ့။ အိမ်တိုင်းမှာ ခေါင်းကိုက်၊ ကိုယ်ပူ၊ အနာ-ဒဏ်ရာ မှန်သမျှ ဖြစ်တာနဲ့ အသောက်ခိုင်းတဲ့ ဆေးတွေပေါ့။ “ဆေးကို ပဲလှော် ဝါးသလို စားတယ်” ဆိုပြီး၊ နောက်ပြောင် ပြောကြတာ ရှိတယ်မဟုတ်လား။ ကလေးရှိတဲ့ အိမ်တိုင်း (ပါရာစီတမော) ရှိတယ်။ ခြေဆစ်လက်ဆစ်နာသူများ (အက်စ်ပရင်) ဆောင်ထားကြတယ်။ နဲနဲပိုဆိုးတဲ့ ခါးနာ၊ ဇက်ကျောတက်သူများ (အနာဂျက်ဆင်) စတာမျိုး သုံးကြတယ်။ ဒီဆေးအုပ်စုက အစွမ်းသုံးပါး ထက်တယ်။ အဖျားကျ၊ အနာသက်သာပြီး အရောင် လျှော့စေတယ်။

ဆေးတွေ အပြင် တခြားအထောက်အကူ လုပ်ပေးနိုင်တာလေးတွေ ရှိပါသေးတယ်။ အနာမှန်သမျှကို ငြိမ်ငြိမ်ထားပေးရင် အနာကျက် မြန်စေတယ်။ အရိုးကျိုးရင် မလှုတ်နိုင်အောင် ကျပ်စည်း၊ ကျောက်ပတ္တီး စည်းရတယ်မဟုတ်လား။ အနာရှိရင် ငြိမ်ငြိမ်ထား၊ အလုပ်နားပေါ့။ အနာမပေါက်ခင် အပေါ်ကနေ ပိုးသတ်ဆေးရည်တခုခု လိမ်းပေးတာလဲ အကျိုးရှိတယ်။ ဒက်တော၊ အရက်ပြန်၊ အိုင်အိုဒင်း၊ ဆိုတာမျိုး။ အနည်းဆုံးတော့ ရေ-ဆပ်ပြာနဲ့ မကြာမကြာဆေးပေးပါ။

အပူပေးတာဟာ သွေးကို ပိုလျှောက်စေတာမို့၊ အနာကို မြန်မြန် ပျောက်စေတဲ့သဘော ရှိတယ်။ ရေနွေးအိပ် တင်တာ၊ ရေနွေးပုလင်း ကပ်တာ။ နောက်ပြီး၊ ပရုပ်ဆီ လိမ်းတာ၊ ဇာတိပ္ဖိုလ်သီး သွေးလိမ်းတာ၊ ကြပ်ထုပ်ထိုး၊ ကြပ်ပူတိုက်တာလဲ ဒီအတွက် ဖြစ်မယ်ထင်တယ်။

နို့စို့အရွယ် (အဇာတသတ်) ရဲ့လက်မှာ ပေါက်တဲ့အနာကို ခူနာလို့ ပြော-ဟောကြတယ်။ သူ့အနာက ပြည်မှည့်နေချိန်မို့ ခမည်းတော် (ဗိမ္ဗိသာရ) မင်းကြီးကနေ ပါးစပ်ထဲမှာ ငုံထားပေးတဲ့အခါ ပြည်ပေါက်ထွက်သွားရတယ်။ မင်းတရားကြီးဟာ သမားတော် ဇီဝကရဲ့ Prescription ဆေးညွှန်းအရ လုပ်တာတော့ ဟုတ်မယ် မထင်ဘူး။ နှစ်နှစ်ကာကာ ချစ်လာရင် “ဆီးဖြူ-ဖန်ခါး ငုံထားသလို” ဆိုပြီး ပြောလေ့ရှိတာကြောင့် နေမှာပါ။ ကိုယ်အပူချိန် အာငွေ့ဆိုတာက ၃၇ ဒီဂရီ ရှိလို့ အပြင်လေထက် ပိုပူမယ်။ ဒါက ပုံမှန်ဆိုရင်သာ ပြောရတာ။ အခုစာရေးနေတုံး ရန်ကုန်မှာ ၃၈ ရှိနေပြီး၊ နောက် ရက်တွေ ၄ဝ၊ ၄၁ ရှိမယ်ဆိုဘဲ။ “ခူနာရှိသူ နေပူ မထွက်စေနဲ့” နော်။ ခေတ်ကာလက မကောင်းသူတွေက မင်းမူနေကြတယ်။

မိဘမေတ္တာကို ညွှန်းရင် အထိမိဆုံး ဥပမာရှိခဲ့သလို၊ ဇနီးသည်မှာ ခူနာပေါက်လို့ အဲလို ငုံပေးသူရှိလာရင်တော့ ချစ်မေတ္တာ ပုံပြင်သစ်ကလေးတခု တိုးလာပါမှာပေါ့ဗျာ။

Reference

  1. Dr. တင့်ဆွေ

One comment

Leave a reply to အာသီးရောင်ခြင်း|Tonsillitis – MM How Health Cancel reply