ကြွက်သားအားနည်းခြင်း|Muscle weakness

Muscle weakness ကြွက်သား အားနည်းခြင်း

ကျွန်တော်က (့) မှာ နေပါတယ်။ အသက် ၂၄ ပါ။ Testosterone Deficiency အကြောင်းကို သိချင်ပါတယ်။ သူရဲ့ ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေနဲ့ ယခု ကျွန်တော် ခံစားနေရတာတွေနဲ့ တိုက်ဆိုင်မှု ရှိနေပါတယ်။ လိင်စိတ်အားနည်းပိုင်းမှာတော့ ပြသာနာမရှိဘူး ထင်ပါတယ်။ ကျန်တာတွေတော့ တူပါတယ်။ အဆိုးဆုံး ခံစားရတာတော့ ခန္ဓာကိုယ်မှာ အင်မတန် ပိန်ပြီး လက်မောင်း ကြွက်သားများ သာမန်လူများလောက် မဖွံဖြိုးခြင်းဖြစ်ပါတယ်။ တကယ်လို့ ရောဂါဖြစ်မဖြစ် သိရှိဖို့ ဘယ်လို ဆရာဝန်မျိုးဆီ သွားရောက်ပြသင့်ပါသလဲ။ ဆရာဝန်နဲ့ မပြဘဲ ကိုယ်တိုင် ကုသရင်ကော ရနိုင်ပါသလား။ ကုသမှုကို အများဆုံး ဘယ်လောက်ကြာအောင် ကုသရပါသလဲ။ ကုသနိုင်မယ့် အခွင့်အလမ်းကော ရှိနိုင်ပါသေးလား။ ဆေးရဲ့ ကောင်းကျိုးနဲ့ ဘေးထွက် ဆိုးကျိုး အကြောင်းကိုလည်း ပြည့်စုံစွာ သိချင်ပါတယ်။

မေးတာထဲမှာ ကိုယ်ခန္ဓာပိန်တာနဲ့ ကြွက်သားတွေ သူများလောက် မဖွံ့ဖြိုးဘူးဆိုတဲ့အချက်သာ တွေ့ပါတယ်။ သေခြာဘို့ အများကြီး လိုသေးပါတယ်။ ပိန်တယ်ဆိုတာနဲ့ ကြွက်သားဖွံ့ထွားမှုက ခွဲစဉ်းစားရမယ်။ ပိန်တဲ့သူတိုင်း ကြွက်သား၊ အဆီ နည်းနေမှာပါ။ ပိန်တဲ့လူတွေ အများကြီးပါ။ ဆေးကုစရာ မလိုသူတွေက များတယ်။ နေကောင်းပါရက်နဲ့ ဝချင်သူတွေအတွက် စာတပုဒ် ရေးထားပါတယ်။

ကြွက်သားအကြောင်းကို အလွယ်နဲ့ပြောမရပါ။ ကြွက်သား လှီတယ်၊ သေးကြုံ့တယ်ဆိုတာကို ဆေးစာနဲ့ပြောရင် ရောဂါတွေ ဖြစ်တယ်။ ကုသရတာလဲ ခက်ခဲတာမျိုးတွေရှိသေးတယ်။ Muscular dystrophy (MD) ဆိုတာရှိတယ်။ နောက် Muscle atrophy (Disuse atrophy) ဆိုတာက တမျိုးရှိတယ်။ အသုံးမပြုတာများလို့ ကြွက်သားတွေ လှီလှီလာတာမျိုး။

ကြွက်သား သိပ်မထွားတာနဲ့တော့ Testosterone နည်းနေတယ်လို့ မတွက်ပါနဲ့အုံး။ Testosterone နည်းတာက ဘယ်လိုလူမျိုးတွေမှာ လာဖြစ်သလဲဆိုရင် –
• ဟော်မုန်းထွက်ရာနေရာမှာ ကင်ဆာဆေးကုတာ၊ ဓါတ်ကင်တာ လုပ်နေရတာ၊
• (ခရိုမိုဇုမ်း) ပုံမှန် မဟုတ်တာ၊
• ဦးနှောက် ထိခိုက်မိရင်၊ ရောဂါရတာ၊
• ကိုယ်ခန္ဓာကြီးထွားအောင် (စတီရွိုက်) ဆေးတွေ တလွဲသုံးတာ၊
• ပသိရောင်နဲ့တွဲတဲ့ ကျားအကျောရောင်ရောဂါဖြစ်တာ၊
• အမျိုးသမီးမှာ မျိုးဥအိမ် အလုပ်မလုပ်တော့ရင်၊ ခွဲစိတ်ထုတ်လိုက်ရတာ၊
• ကျားအစေ့က သူနေရာ ကပ်ပဲ့အိတ်မှာ ရှိမနေ-ကျမနေတာ၊
• ကပ်ပဲ့အိတ် ထိခိုက်မိတာ၊
• ဇရာထောင်းလာတာ နဲ့
• အဝလွန်တာတွေဖြစ်တယ်။

Testosterone အစွမ်းက ၂ မျိုးရှိတယ်။
၁။ (အင်ဒရိုဂျင်းနစ်) သတ္တိလို့ ခေါ်တာတွေကတော့ ပင်မ (လိင်အင်္ဂါတွေ) နဲ့ ဒုတိယ-လိင်အင်္ဂါတွေ ဖွံ့ထွားစေတယ်။ အသံသြလာမယ်၊ အမွှေးပေါက်တာ ထူးခြားလာမယ်၊
၂။ (အင်နာဘောလစ်) သတ္တိလို့ ခေါ်တာတွေကတော့ ကြွက်သားတွေ ထွားလာစေမယ်။

(တက်စတိုစတီရုံး) နည်းနေသူတွေမှာ –
• ယောက်ျား ပန်းညှိုး-ပန်းသေဖြစ်မယ်၊ (မေးတဲ့သူက ပုံမှန်ဖြစ်တယ်)
• (ကိုလက်စထော) များမယ်၊ အဝလွန်မယ်၊ (မေးတဲ့သူက ပိန်နေတယ်)
• လိင်စိတ်နည်းမယ်၊ (မေးတဲ့သူက ပုံမှန်ဖြစ်တယ်)
• စိတ်ဓါတ်ကျမယ်၊ စိုးရိမ်စိတ်ကဲနေမယ်၊ စိတ်မူပြောင်းမယ်၊
• အာရုံစိုက်ရတာ ခက်မယ်၊ မှတ်ဉာဏ်လျှော့မယ်၊
• အရိုးအားနည်းနေမယ်။ ဒါ့ကြောင့် ကြွက်သားတခုထဲနဲ့ (တက်စတိုစတီရုံး) နည်းတယ်လို့ သံသယမရှိသင့်ပါ။

အထူသတိထားပြီး အထူးကု ဆရာဝန် ညွှန်ကြားချက်နဲ့သာ သောက်သင့်တဲ့ ဆေးတွေထဲမှာ ဟော်မုန်းတွေ ပါတယ်။ Testosterone ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက မနည်းဘူး။ ပျို့-အန်၊ ဝက်ခြံပေါက်၊ ခေါင်းကိုက်၊ အစားစားချင်စိတ်များ၊ စိတ်မူပြောင်း၊ အသဲ ထိခိုက်၊ ခြေထောက်ရောင်။ လိင်တံမာတင်းနေတာ ပြန်မလျှော့၊ နှလုံးရောဂါရှိနေသူ၊ (ကိုလက်စထော) များနေသူ၊ ဆီးကျိတ်-ကင်ဆာ ဖြစ်နေသူတွေကို မပေးသင့်ပါ။ ဆေးများသွားရင် စိတ်ကြမ်းဝင်တတ်တယ်။ စိတ်မူပြောင်းတတ်တယ်။

Muscular dystrophy (MD) ရောဂါဆိုတာ ကြွက်သား အုပ်စုလိုက် ဖြစ်တယ်။ သွားလာ လှုတ်ရှားမှုကို ထိခိုက်တယ်။ ကြာလေ ဆိုးလေ ဖြစ်တယ်။ ကိုယ်ကို မထိန်းနိုင်ဖြစ်လာမယ်။ တခါတခါ လဲကျမယ်။ အပေါ်မျက်ခွံ အောက်ကျလာမယ်။ ကြွက်သားတွေ ကြာလေ သေးငယ်လေ ဖြစ်မယ်။ ခြေ-လက် ပုံပန်းကအစ ပြောင်းမယ်။ အသက်ရှူ ခက်လာမယ်။

ရောဂါ ဟုတ်-မဟုတ် Muscle biopsy, Electromyography, Electrocardiography DNA analysis ဆိုတာတွေ စစ်ဆေးရမယ်။
Creatine phosphokinase (CpK3) သွေးထဲမှာ များနေမယ်။

Muscle weakness ကြွက်သားအားနည်ခြင်းဆိုတာလဲ ရောဂါတခုဖြစ်တယ်။ Myasthenia လို့ခေါ်တယ်။ Muscle strength ကြွက်သားရဲ့ စွမ်းအားကိုက နည်းနေတာပါ။ တကယ်နည်းတာနဲ့ ထင်တာဆိုပြီး ဆရာဝန်တွေက ခွဲခြားရတယ်။ Muscular dystrophy နဲ့ Inflammatory myopathy တွေကသာ တကယ်အားနည်းနေတာတွေ ဖြစ်တယ်။

(ပိုတက်စီယန်) ဓါတ်ဆားနည်းနေချိန်မှာ ကြွက်သားမှန်သမျှ အားနည်းနေတယ်။ ကလေးငယ်တွေ ဝမ်းလျှောဖန်များတော့ ဗိုက်ဖေါင်းလာတယ်။ အူကကြွက်သားလေးတွေ အားနည်းလို့။ သိသာတဲ့ တကယ်ကြွက်သား-အားနည်ရောဂါဆိုတာ Myasthenia gravis ဖြစ်တယ်။ မျက်ခွံက မျက်လုံးကို ပိတ်နေအောင် အောက်ကျမယ်။ ကိုယ့်ခွန်အားထက် ပိုပြီး အားသန်ချင်နေသူတွေက ကြွက်သား အားနည်းရောဂါ ရှိနေတယ်လို့ ထင်တတ်ကြတယ်။ Chronic fatigue syndrome လို့ ခေါ်တယ်။

Muscular dystrophy ကြွက်သား မဖွံ့ဖြိုးခြင်းဟာ ဟော်မုန်းကြောင့် မဟုတ်ပါ။

Reference

  1. Dr. တင့်ဆွေ blog

3 comments

Leave a reply to ကြွက်သားလှုပ်ခြင်း|Muscle twitch – MM How Health Cancel reply